Pages

Subscribe:

Ads 468x60px

Time is money လို့ သဘောမထားပဲ.Time is Dhamma လို့ သဘောထားမယ် ဆိုရင်ပဲ တစ်မျိုး စိတ်ချမ်းသာနေပါပြီ။ (ဓမ္မမိတ်ဆွေ)

Friday, January 4, 2013

စွမ်းနိုင်သူ


သူငယ်ချင်း ဦးဇင်းတစ်ပါးရဲ့ ဂုဏ်ပြုပူဇော်ပွဲ အမှတ်တရ ရေးခဲ့သော ဆောင်းပါးလေးကို ပြန်လည် တင်ပြပေး လိုက်ပါတယ်။.............
       ကလောင်ရှင် တစ်ယောက်မဟုတ်လေတော့ သူငယ်ချင်းအတွက် စာတစ်ပုဒ်ရေးပေးပါမယ်-လို့ ၀န်ခံပြီး ကာမှ ကိုယ့်ကိုယ်ကို စွမ်းနိုင်ပါ့မလား-လို့ တွေးနေမိပြန်တယ်။ “စာကောင်းဖို့ မလိုဘူး၊ စာပါဖို့ပဲ လိုတယ်” ဆိုတဲ့ သူငယ်ချင်းရဲ့ စကားနဲ့ ကိုယ့်ကိုယ်ကို အားသစ်တစ်ဖန် လောင်းလိုက်ပြန်တော့လည်း
ရေးစရာ အကြောင်းက  မရှိ၊ နောက်ဆုံး ကြံရာမဲ့သူမို့ လုပ်မိလုပ်ရာ လျှောက်လုပ်ရင်း မေတ္တာသုတ်ကို ရွတ်လိုက်မှ“ကြက်ကန်း ဆန်အိုးတိုးသွားတယ်၊ တခြားတော့ မဟုတ်ပါဘူး ကျွန်ုပ်တိုးမိတဲ့ မေတ္တာသုတ်ထဲက ဆန်အိုးက “သက္ကော ဥဇူ စ သုဟုဇူ စ” ပါပဲ။ ဒါနဲ့ပဲ ကိုယ့်စာကို ပြသဒါး ရက်ရာဇာမရွေး ၊ လက်ဖက်ထုတ် မထိုးဘဲ ကင်ပွန်းတပ်လိုက်တယ် “သက္က - စွမ်းနိုင်သူ” ဆိုတဲ့ မော်ဒန်မဆန်တဲ့ နာမည်လေးနဲ့ပေါ့။

          ခေတ်ဆက်ဆက်က လောကသားတွေဟာ အရာရာ ပြုလုပ် အောင်မြင်နိုင်တဲ့သူတွေကို “စွမ်းနိုင်သူ” ဆိုတဲ့ ခပ်ရိုးရိုးနာမည်လေးနဲ့ ချီးမွမ်းပြောဆိုလေ့ ရှိကြပါတယ်။ “စွမ်းနိုင်သူ” ဆိုတဲ့ ဒီစကားလေးကလည်း ခေတ်အဆက်ဆက်မှာခပ်ရိုးရိုးဖြစ်ခဲ့ပေမယ့်လို့ ခေတ်ပြောင်းတိုင်းမှာ ဟောင်းနွမ်းမသွားခဲ့ပါဘူး။  “စွမ်းနိုင်သူ”ဆိုတဲ့ စကားနဲ့ပတ်သက်လို့ ပြောစရာရှိတာက လောကမှာ သူတပါးအသက်ကို သတ်ဖြတ် ညှင်းဆဲဖို့ဆိုရင် ဟစ်တလာထက်ပင် ရက်စက်တဲ့ လူတွေ၊ သူဥစ္စာ ခိုးဖို့ဆိုရင် ငတက်ပြားကပင် လက်ဖြားခါရလောက်သူတွေ၊ အရက်သေစာ သောက်စားဖို့ဆိုရင် ပေပါကိုင်းတပ်ပြီး ကြွက်တွင်းရေလောင်း သလို မျိုနိုင်တဲ့ တကယ့် ယမကာလုလင်ကြီးတွေ ရှိကြပါတယ်။ တစ်ချို့ဆိုရင် ကမ္ဘာကိုတောင်   ပြာကျစေနိုင်လောက်တဲ့ သူတွေ ရှိကြပါတယ်။  အဲဒီလို လူတွေကိုလည်း စွမ်းနိုင်သူတွေ ရယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ ဒါပေမယ့် အဲဒီလို့ ဒုစရိုက်အမျိုးမျိုး ကျူးလွန်နိုင်တဲ့ ဒုစရိုက်သမားတွေ ကိုတော့ စွမ်းနိုင်သူ လို့ ချီးမွမ်း ပြောဆိုရိုးမရှိခဲ့ပါဘူး။ ဘာကြောင့်လည်း ဆိုရင် “စွမ်းနိုင်သူ” ဆိုတဲ့ စကားဟာ ကောင်းတဲ့ဘက်မှာသာ တော်တဲ့သူတွေကို ချီးမွမ်းပြောဆိုတဲ့ ပညာရှိသူတော်ကောင်းတို့ရဲ့ စကားဖြစ်လို့ပါပဲ။ ဒါကြောင့် မကောင်းတဲ့ဘက်မှာ တစ်ဖက်ကမ်းခတ်ဖြစ်နေသူတွေကို “စွမ်းနိုင်သူ” ဆိုတဲ့ စကားနဲ့  ချီးမွမ်းပြောဆိုဖို့ လုံးဝမထိုက်တန်ပါဘူး။ 
       “စွမ်းနိုင်သူ” လို့ ချီးမွမ်းထိုက်တဲ့ ကောင်းတဲ့ဘက်မှာ တော်တဲ့သူတွေဟာ
သူတို့ရဲု့လုပ်ငန်းတွေ လမ်းစဉ်တွေနဲ့ ပတ်သက်လို့ အမှား+အမှန်၊ အဆိုး+အကောင်း၊ အကျိုး+အကြောင်းကို ကွဲကွဲပြားပြား သိနားလည်ကြပါတယ်။ တစ်ဖက်မြင်တွေ မဟုတ်ကြပါဘူး။ အမှန်ကို သိသလို အမှားကိုလည်း အမှားကို လည်း သိကြပါတယ်။ အကျိုးရှိတာကို သိသလို အကျိုးမဲ့ ပျက်ဆီးကြောင်းတွေကိုလည်း နားလည်ကြပါ တယ်။ အမှား+အမှန်ကို ခွဲခြားတတ်ရုံ၊ အဆိုး+အကောင်း၊ အကျိုး+အကြောင်းကို နားလည်ကြရုံနဲ့လည်း ရပ်မနေကြပါဘူး။ အကျိုးရှိ မှန်ကန်ကောင်းမြတ်တဲ့ အရာတွေကို မြဲမြံစွာ စွဲကိုင်ပြီး အကျိုးမဲ့ မှားယွင်းတဲ့ ပျက်စီးကြောင်းတွေကိုလည်း ရဲရဲဝံ့ဝံ့ စွန့်လွတ်ကြပါတယ်။ ဆေးလိပ်သောက်တာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတာမို့ မကောင်းဘူး၊ အရက်သေစာသောက်တာ ကျန်းမာရေးနဲ့ စာရိတ္တပျက်စီးကြောင်းမို့ မကောင်းဘူး-ဆိုတာ သိပေမယ့်- မစွန့်လွှတ်နိုင်ကြတဲ့ လူတွေလို၊ ရဟန်းဘ၀ဆိုတာ အေးချမ်း တယ်၊  ကောင်းမွန်မြင့်မြတ်တယ်ဆိုတာ သိတယ်၊ ရဟန်းတော်တွေကိုလည်း လူမထွက်ကြဖို့ ပါးစပ်အမြုပ် ထွက်အောင် ပြောနေကြပေမယ့်လို့ ကိုယ်တိုင်ကြတော့ ရဟန်းဝတ်ဖို့ နေနေသာသာ လုံးဝပင် မစဉ်းစားရဲကြတဲ့ လူတွေလို၊ သူတပါးကြတော့ အိမ်ထောင်မပြုဖို့ ပြောပြီး၊ ကိုယ်တိုင်ကြတော့ တစ်တောင် မလဲသေးပဲ ထူနိုင်သမျှ အပင်တွေ လိုက်ထူနေကြတဲ့ လူတွေလို့ လုံးဝ မဟုတ်ကြပါဘူး။ မကောင်းမှုဒုစရိုက် ကြူးလွန်ဖို့ဆိုရင် ခပ်မိုက်မိုက်လွန်ကျူးပြီး လူမိုက်ဘွဲ့ ခံယူနိုင်ပေမယ့်လို့ ဒါန သီလ ဘာဝနာ စတဲ့ ကောင်း မှုတွေပြီး သူတော်ကောင်းဘွဲ့ မခံယူရဲကြတဲ့ ငမိုက်သားတွေလိုလည်း လုံးဝမဟုတ်ပါဘူး။ အကျိုးမဲ့ မှားယွင်းတဲ့ ပျက်စီးရာလမ်းကြောင်းတွေကနေ ကျောခိုင်းထွက်ခွါလို့ အကျိုးရှိ မှန်ကန်ကောင်းမြတ်တဲ့ လမ်းစဉ်တွေကို ရဲရဲလျှောက်လှမ်းတတ်ကြပါတယ်။ မကောင်းမှုကို စွန့်လွတ်ဖို့ ၀န်မလေးသလို့ ကောင်းမှုဆို လည်း ပြုလုပ်ဖို့ သတ္တိအပြည့်ရှိသူတွေပေါ့။အကျိုးရှိ မှန်ကန်ကောင်းမြတ်တဲ့ လမ်းစဉ်တွေကို လျှောက် လှမ်းတဲ့ အခါမှာလည်း ပန်းတိုင်ကို ဦးတည်ပြီး ကိုယ် နှုတ် စိတ်သုံးပါးလုံးနဲ့ ဖြောင့်မတ်စွာ လျှောက်လှမ်း ကြပါတယ်။ လမ်းကြောင်းကနေ ဘယ်တော့မှ သွေဖယ် မသွားကြပါဘူး ။ ကိုယ်နှုတ်နဲ့ လမ်းကြောင်းပေါ် ဖြောင့်ဖြောင့်လျှောက်လှမ်းကြသူတွေကိုတော့ ``ဥဇု”ပေါ့။ စိတ်နဲ့ လမ်းကြောင်းပေါ် ဖြောင့်ဖြောင့် လျှောက်လှမ်းကြသူတွေကိုတော့ “သုဟုဇု” ပေါ့။ တစ်နည်း ပြောရရင် ဥဇု သုဟုဇုမည်လောက်အောင် ဖြောင့်မတ်ကြ သမာဓိရှိကြ ရိုးသားပြီး ကြိုးစားကြသူတွေပေါ့။ မှန်တဲ့ လမ်းကို စွန့်ပြီးမှားတဲ့လမ်းကိုမှားမှန်းသိလျှက်နဲ့ခပ်မိုက်မိုက်လျှောက်လှမ်းသူတွေလမ်းကြောင်းမှန်ကနေ သွေဖယ်သွားသူတွေကတော့ ဖြောင့်မတ်ကြသူ သမာဓိရှိသူ ရိုးသား ကြိုးစားကြသူတွေရဲ့ ဆန့်ကျင်ဘက် မဖြောင့်မတ်သူ သမာဓိမရှိသူ မရိုးမသား ကြိုးစားကြသူတွေပါ။ ဒါကြောင့် ဘာပဲလုပ်လုပ် ကိုယ်နှုတ်စိတ်သုံးပါးလုံးနဲ့ တစိုက်မတ်မတ် သမာဓိရှိရှိ ရိုးရိုးသားသား ကြိုးစားကြဖို့လို့ပါတယ်။ ဒါမှလည်း အရာရာကို ပြီးစီးအောင်မြင်ခြင်းငှါစွမ်းနိုင်တဲ့ လူတစ်ယောက်ဖြစ်လာ မှာပါ။ တကယ်လို့ ကိုယ်က မဖြောင့်မတ်ခဲ့ဘူး သမာဓိမရှိခဲ့ဘူး မရိုးသားခဲ့ဘူး ဆိုရင် သူတပါးက ကိုယ့်ရဲ့ မရိုးသားမှုကို မသိစေကာမှု ကိုယ်ဟာ စိတ်ဓာတ်ရေးရာမှာ စိတ်ဓာတ်ညံ့ဖျင်းသူ တစ်ယောက်အဖြစ်နဲ့ ကျရှုံးခဲ့ပြီပေါ့။ ကိုယ့်ရဲ့ မရိုးသားမှုဟာ ဗူးပေါ်သလို ပေါ်ပြီဆိုရင်တော့ ပတ်ဝန်းကျင်မှာ ကိုယ်ကျင့်တရား မကောင်းတဲ့သူအဖြစ်နဲ့ မရှိမဲ့ ရှိမဲ့ သိက္ခာလေးနဲ့အတူ ထပ်မံကျရှုံးရပြန်ပါပြီ။
            မှတ်မှတ်ရရ ၁၀ . ၆ . ၂၀၁၂ နေ့က သူငယ်ချင်းတွေအားလုံး စာမေးပွဲဖြေပြီးလို့  ရွာပြန်ဖို့ရန် ဆရာတော်အထံ လျှောက်ကြတော့ တစ်ချို့က လိုက်မလာကြဘူး။ လိုက်မလာသူတွေအတွက် တစ်ချို့သူငယ်ချင်း အချင်းချင်းအတွက် အကျိုးတော်ဆောင်တစ်ချို့က အရေအတွက်များတော့ မသိလောက်ဘူးထင်လို့ တစ်ယောက်တစ်လှည့် လိုက်မလာသူတွေရဲ့ နာမည်ကိုပါ စာရင်းပေးသွင်း ကြတယ်။ နောက်တော့  ဆရာတော်က ပေးသွင်းတဲ့ နာမည်စာရင်းနဲ့ အရေအတွကို စစ်လိုက်တော့ သုံးလေးပါးလောက်လိုနေတာကို သိသွားတယ်။  အဲဒီအခါ ဆရာတော်က “ဒီလောက်လေးမှ သမာဓိမရှိရင် ဘာလုပ်တော့မှာလဲ။ နောက်တစ်ရက်မှ ထပ်လာခဲ့” ဟု မိန့်တာကြောင့် တစ်ကြိမ်နှင့် ပြီးရမယ့် ကိစ္စ နှစ်ကြိမ်လုပ်ခဲ့ရ၊ ရွာပြန်တစ်ရက် နောက်ကျခဲ့ရပါတယ်။ ဆရာတော်ဖြစ်စေချင်တာက နောင်တစ်ချိန် တစ်နေရာရာမှာ လူကြီးဖြစ်ကြမယ့်လူတွေဖြစ်တာကြောင့် အသေးအဖွဲ အောက်တန်းစားကိစ္စလေးကအစ ရိုးသားစေချင်တာ။ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက  မရိုးသားခဲ့ရင် နောင်တစ်ချိန် နိုင်ငံတော် အကြီးအကဲဖြစ်လာသည့်တိုင် အကျင့်ပါနေမှာကို စိုးရိမ်တော်မှုခြင်းဖြစ်ပါတယ်။ ဒါဟာ မဖြောင့်မတ်ကြ မရိုးသားခဲ့ကြတဲ့အတွက် ဆရာ့ရှေ့မှာ အသေးအဖွဲကိစ္စလေးကိုပင် ပြုနိုင်စွမ်းမရှိဘဲ ရှုံးနိမ့်ခဲ့ရခြင်း  ဖြစ်ပါတယ်။ ဒါကြောင့် အရာရာကို ပြုလုပ် ပြီးစီးနိုင်စွမ်းလူတိုင်းမှာ ရှိကြပါတယ်။ ဒီစွမ်းရည်သတ္တိတွေကို သမာဓိရှိရှိ ရိုးသားဖြောင့်မတ်စွာ ကြိုးစားလုပ်ကိုင်ခြင်းဖြင့် ဖော်ထုတ်ကြရပါမယ်။ ဒီလိုသာ သမာဓိရှိရှိ ရိုးရိုးသားသား ကြိုးစားလုပ်ကိုင်ခဲ့မယ်ဆိုရင် `ဖြစ်နိုင်ပါ့မလား´ ဆိုတဲ့ ဇဝေဇ၀ါအတွေးတွေ ၀င်လာစရာ အကြောင်းမရှိပါဘူး။
           ဒီစွမ်းနိုင်သူဆိုတဲ့ စကားနဲ့ပတ်သက်လို့ လောကမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ စွမ်းနိုင်သူတစ်ဦးဘီစီ ၆-ရာစုနှစ်လောက်က အိန္ဒိယနိုင်ငံ မြောက်ပိုင်း နီပေါနိုင်ငံမှာ ပေါ်ထွန်းခဲ့ဘူးပါတယ်။ တခြားမဟုတ်ပါဘူး လောကသားအားလုံးရဲ့ မှီခိုအားထားရာ ငါးမာရ်အောင်မြင် ဘုရားရှင်ပါ။ ဘုရားရှင်ကို လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးက သက္က-ဆိုတဲ့ ပါဠိဝေါဟာရစကားလုံးနဲ့ စွမ်းနိုင်သူ-လို့ ချီးမွမ်းဂုဏ်ပြုပြောဆိုကြပါတယ်။ ဒီလို ချီးမွမ်းပြောဆိုကြတာဟာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ အကြောင်းက ဒီလိုပါ--- မဟာသက္ကရာဇ် ၁၀၃ -ခုနှစ် ကဆုန်လပြည့်နေ့မှာ မဟာဗောဓိပင်ရင်း အပရာဇိတပလ္လင်ထက်မှာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူရင်း ပြီးပြည့်စုံတဲ့ ပါရမီလက်နက်တွေ စွဲကိုင်လို့ ဒေ၀ပုတ္တမာရ် ကိလေသမာရ် အဘိသင်္ခါရမာရ် ခနမာရ် မစ္စုမာရ်ဆိုတဲ့ မာရ်ငါးပါးကို အပြီးတိုင် တိုက်ထုတ်အောင်မြင်တော်မူခဲ့ပါတယ်။ ဒီလို ပါရမီလက်နက်တွေ စွဲကိုင်လို့ မာရ်ငါးပါးကို အောင်မြင်ခြင်းငှါ စွမ်းနိုင်တာကြောင့် ဘုရားရှင်ကို သက္က-စွမ်းနိုင်သူ-လို့ ချီးမွမ်းထောမနာပြု ပြောဆိုကြခြင်းပါ။ (ပဉ္စမာရေ ဇေတုံ သက္ကောတီတိ သက္ကော၊ အဘိဓာန်ဋီကာ)
ဟုတ်ပါတယ် ဘုရားရှင်ဟာ ဒီလိုမာရ်ငါးပါးကို အောင်မြင်ခြင်းငှါ စွမ်းနိုင်တဲ့ စွမ်းနိုင်သူ တစ်ယောက်ဖြစ်ဖို့ လးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး ဒါနသီလစတဲ့ ပါရမီတော်တွေ ဖြည့်ကျင့်ခဲ့ရ၊ သာမာန်ပုဂိုလ်တွေ လုံးဝမစဉ်းစားရဲတဲ့ ဥစ္စာအသက် ခြေလက်အင်္ဂါ ရိုးရေသားသွေးတွေနဲ့ သိပ်ချစ်လှပါတယ်ဆိုတဲ့ သ္မီးသား ဇနီးမယားတွေကို စွန့်လွှတ်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ဒီလို ပါရမီတော်တွေ ဖြည့်ကျင့်တဲ့ အခါမှာလည်း  ဘုရားရှင့်ရဲ့ ကိုယ်နှုတ်စိတ်သုံးပါးလုံးဟာ မာရ်ငါးပါးကို အောင်မြင်တော်မှုသည့်တိုင် ပါရမီလမ်းစဉ်တွေကနေ လုံးဝသွေဖယ်မသွားခဲ့ပါဘူး ငါးမာရ်အောင်မြင် သဗညုတဥာဏ်ရှင် ဖြစ်ရေးကိုသာ ဦးတည်လို့ ပါရမီလမ်းကို ဖြောင့်ဖြောင့်တန်းတန်း လျှော်ကလှမ်းခဲ့ပါတယ်။ ဒီလို ပါရမီလမ်းစဉ်တွေ ကနေ သွေဖယ်မသွားဘဲ ဥဇု သုဟုဇုမည်လောက်အောင် ပါရမီလမ်းကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းခဲ့လို့လဲ မာရ်ငါးပါးကို အောင်ခြင်းငှါ စွမ်းနိုင်တဲ့ သက္က-စွမ်းနိုင်သူ လို့ လောကသားအားလုံးရဲ့ ချီးကြူးထောမနာပြုခြင်းငှါ အစစ်အမှန် ထိုက်တန်သူတစ်ယောက်ဖြစ်ပါတယ်။
     စွမ်းနိုင်သူ လို့ ချီးကြူးဂုဏ်ပြုခံရသူ တစ်ယောက်ရှိပါသေးတယ်။ သူကတော့ သက္က-ဆိုတဲ့ နာမည်နဲ့ အားလုံးသိကြတဲ့ မာဃာလုလင်တစ်ဖြစ်လဲ သိကြားမင်းပါပဲ။ ဘာလို့ သိကြားမင်းကို သက္က-စွမ်းနိုင်သူလို့ ချီးကြူးဂုဏ်ပြုပြောဆိုကြသလဲဆိုရင် သိကြားမင်းမဖြစ်ခင် မာဃလုလင် ဘ၀တုံးက လမ်းပြင် လမ်းဖောက် တံတားပြင် ကျောင်းဆောက်ခြင်း စတဲ့ ပရဟိတကောင်းမှုကုသိုလ်တွေ ဒါနစတဲ့ ကောင်းမှုတွေကို သူမတူအောင် ဆည်းပူးပြုလုပ်ခဲ့ပါတယ်။ ဒီလို ပရဟိတကုသိုလ်တွေ ဒါနစတဲ့ကောင်းမှုကုသိုလ်တွေကို ပြုခြင်းငှါ စွမ်းနိုင်တာကြောင့် အားလုံးက သက္က-စွမ်းနိုင်သူ လို့ အသိမှတ်ပြုကြ ဂုဏ်ပြုပြောဆိုကြပါတယ်။  (ပုညာနိ ကာတုံ သက္ကောတီတိ သက္ကော၊ ဒေ၀ရာဇာ။ သံ၊ဋီ၁။ ၃၃၇)
           ဟုတ်ပါတယ်….။မာဃလုလင်ဟာ သူ့ရဲ့ ကောင်းမှုလုပ်ငန်းတွေကို လုပ်တဲ့အခါ ကိုယ်နှုတ်စိတ် သုံးပါးလုံးနဲ့ စွမ်းနိုင်သမျှ အားသွန်ခွန်စိုက် ကြိုးစားပြီးတောလည်း လုပ်ခဲ့ပါတယ်။ မခိုမကပ် အမြဲမပြတ်လည်း လုပ်ခဲ့ပါတယ်။ ကုသိုလ်လုပ်တဲ့အခါ အချိန်ကာလ ဘယ်လောက်ကြာကြာ ပြီးစီးအောင်လည်း လုပ်ခဲ့ပါတယ်။ ရိုရိုသေသေ လေးလေးစားစားလည်း လုပ်ခဲ့ပါတယ်။ အဓမ္မ၀ါဒီ မစလရွာစားက မကောင်းမှုဒုစရိုက်တွေ ကျူးလွန်ဖို့ ဘယ်လောက်ပင် တိုက်တွန်းပါစေ ဘယ်လောက်ပင်မဲဆွယ်ခဲ့ပါစေ ဒုစရိုက်တွေမှာ လုံးဝစိတ်မ၀င်စားခဲ့သူပါ။ နောက်ဆုံး ရွာစားနဲ့ ဘုရင်ပေါင်းပြီး ဆင်နဲ့ နင်းသတ်ဖို့ ဖန်တီးလာတာတောင် ဆန်ကျင်ဘက်ရန်သူအပေါ် ဒေါသအာဃာတမထားဘဲ မေတ္တာတရားတွေ ထားနိုင်ခဲ့ပါတယ်။ နောက်လိုက်အပေါင်းအဖော်တွေကိုလည်း ဒေါသအာဃာတဆိုတဲ့ အဓမ္မလမ်းကြောင်းရဲ့ ဆန့်ကျင်ဘက် မေတ္တာဆိုတဲ့ ဓမ္မလမ်းကြောင်းပေါ် တင်ပေးနိုင်ခဲ့ပါတယ်။
          ဒီခေတ် မိမိရဲ့ မဖြစ်စလောက် ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်အောင် ဖန်တီးကြတဲ့ သူတွေ၊ သူတပါးက ကုသိုလ်ပြုဖို့ တိုက်တွန်းပေးတာ စီမံပေးတာကို အကုသိုလ်ဖြစ်အောင် ဖန်တီးယူကြတဲ့ သူတွေလို မဟုတ်ဘဲ သူတပါးက အကုသိုလ်ဖြစ်ဖို့ အကြောင်းဖန်လာတာတောင် အကုသိုလ်အဖြစ်မခံဘဲ ကုသိုလ်ဖြစ်အောင် ကြိုးစားသွားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် မာဃလုလင်တစ်ဖြစ်လဲ သိကြားမင်းဟာလည်း ကောင်းမှုကုသိုလ်တွေကို ပြုခြင်းငှါ စွမ်းနိုင်တာကြောင့် စွမ်းနိုင်သူဆိုတဲ့ စကားနဲ့ ချီးမွမ်းခံထိုက်သူပါ။ သူ့ရဲ့ ရလာဘ်ကတော့ သိကြားမင်းစည်းစိမ်တွေကို ခံစားရခြင်းပါပဲ။
        နောက် စွမ်းနိုင်သူတွေ လို့ ချီးကြူးခံရတဲ့ အမျိုးနွယ်တစ်စု အိန္ဒိယနိုင်ငံ မြောက်ပိုင်း နီပေါနိုင်ငံမှာ ထင်ရှားရှိခဲ့ဖူးပါတယ်။ တခြားမဟုတ်ပါဘူး။ အင်မတန် ဇာတိမာန်ကြီးကြတဲ့ သကျ သာကီဝင်အမျိုးနွယ်တွေပါ။  သကျသာကီအမျိုးနွယ်ရဲ့ အစ သြက္ကာကမင်းပြုစဉ်ကာလက ထီးနန်းနဲ့ပတ်သက်ပြီး အန္တရာယ်ကြုံတွေရတဲ့ သြက္ကာကမင်းကြီးရဲ့ သားတော်လေးယောက်နဲ့ သ္မီးတော် ငါးယောက်ဟာ  သုံးယူဇနာပမာဏရှိတဲ့ နောက်လိုက် ပရိသတ်ရဲမက် ဗိုလ်ပါတွေနဲ့အတူ ဟိမ၀န္တာတောင်ခြေ ဘုရားလောင်းကပိလရသေ့ရဲ့ ကျောင်းနေရာမှာ ကပိလ၀တ်အမည်နဲ့ (ကပိလ၀တ္ထု-ကပိလရသေ့ရဲ့ ကျောင်းနေရာ၌ တည်အပ်သောမြို့) ကပိလရသေ့ရဲ့ လမ်းညွှန်ချက်နဲ့အညီ  မြို့တည်ပြီး နေထိုင်ခဲ့ကြပါတယ်။ အရွယ်ရောက်လို့ အိမ်ထောင်ပြုချိန်တန်တော့ မင်းသား မင်းသ္မီးတွေနဲ့ သင့်တော်တဲ့ အမျိုးဇာတ်တူ အိမ်ထောင်ဘက် မင်းသားမင်းသ္မီးတွေ မတွေ့လို့ အမျိုးဇာတ်မတူ အမျိုးဘာသာမတူသူတွေနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် အမျိုးနွယ်မစင်ကြယ် အမျိုးဇာတ်ပျက်မည်စိုးတာကြောင့် ဆွေမျိုးမတော်သူတွေနဲ့သာ အိမ်ထောင်ပြုလေ့ရှိတဲ့ လောကထုံးတမ်း လောက အစဉ်အလာကို ချိုးဖျက်ပြီး အကြီးဆုံးအမတော်ကို မိခင်နေရာထားလို့ မောင်နှစ်မချင်းပဲ ကြီးစဉ်ငယ်လိုက် အိမ်ထောင်ပြုခဲ့ကြပါတယ်။
      နောက်တော့ အမအကြီးဆုံးကလည်း နူနာရောဂါစွဲကပ်လို့ တစ်ယောက်တည်း တိမ်းရှောင်နေခဲ့ရရင်းမှ နူနာရောဂါစွဲကပ်လို့ ထီးနန်းကို စွန့်ပြီး ဟိမ၀န္တာတောထဲမှာ လာပြီး တိမ်းရှောင်နေတဲ့ ရာမခေါ်တဲ့ ဗာရဏသီမင်းနဲ့ လပ်ထက်ခဲ့တယ်။ အစကတော့ ဗာရဏသီမင်းရဲ့ လက်ထပ်ခွင့်ပန်မှုကို လက်မခံခဲ့ပါဘူး ။ နောက်တော့ မျိုးရိုးကို မေးပြီးမှ သူတို့မျိုးရိုးဆိုပြီး လက်ခံခဲ့တာပါ။ သူတို့လဲ အဲဒီအရပ်ဒေသမှာရှိတဲ့ ကလောပင်ကို ခုတ်ထွင်ရှင်းလင်းပြီး ကောလိယအမည်နဲ့ မြို့တည်ပြီး နေထိုင်ခဲ့ကြတယ်။ (ကောလိယ-ကလောပင်နေရာ၌ တည်အပ်သောမြို့) ကောလိယမြို့မှာ မွေးဖွားလာကြတဲ့ မျိုးဆက် မင်းသားမင်းသ္မီးတွေနဲ့ ကပိလ၀တ်မြို့မှာ မွေးဖွားလာကြတဲ့ မျိုးဆက် မင်းသားမင်းသ္မီးတွေဟာလဲ အရွယ်ရောက်လာတော့ မောင်နှမအချင်းချင်းပဲ အိမ်ထောင်ပြုခဲ့ကြပြန်ပါတယ်။ အဲဒီကစလို့ သကျသာကီဝင်တွေရဲ့ မောင်နှမအချင်ချင်း ထိမ်းမြားလာခဲ့ကြတာဟာ ဘုရားရှင်ပွင့်တော်မူသည့် ကာလတိုင်အောင်ပါပဲ။
        နောက်တော့ သြက္ကာက မင်းကြီးဟာ သားတော် သ္မီးတော်တွေရဲ့ သတင်းကို မေးမြန်းစုံစမ်းတဲ့အခါ ဟိမ၀န္တာက ကပိလရသေ့ရဲ့ ကျောင်းနေရာမှာ ကပိလ၀တ်မည်တဲ့ မြို့တည်ပြီး နေကြကြောင်း၊ အမျိုးနွယ်မတူ ဇာတ်မတူသူတွေနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် အမျိုးနွယ်မစင်ကြယ် အမျိုးဇာတ်ပျက်မှာ စိုးတာကြောင့် လောကထုံးစံကို ကျော်လွန်ပြီး မောင်နှမချင်းချင်းပဲ အိမ်ထောင်ပြုကြကြောင်း ကြားသိရတော့ ``ငါ့ရဲ့ သားတော် သ္မီးတော်တွေဟာ အခြေအနေအရ တောထဲ တောင်ထဲမှာ ရှောင်တိမ်းနေကြရပေမယ့်လို့ အမျိုးဇာတ်ကို မပျက်စေဘဲ အမျိုးနွယ်ကို စောင့်ရှောက်ခြင်းငှါ စွမ်းနိုင်သူတွေပဲလို့  ချီးကြူးပြောဆိုခဲ့ပါတယ်။ အမျိုးနွယ်ကို စောင့်ရှောက်ခြင်းငှါ စွမ်းနိုင်သူတွေပဲ-ဆိုတဲ့ သြက္ကာကမင်းကြီးရဲ့ ချီးကြူးစကားကို အစွဲပြုပြီး သကျသာကီဝင်အမျိုးနွယ်လို့ အမည်တွယ်ခဲတာဟာ ယနေ့ခေတ်ကာလတိုင်အောင်ပါပဲ။ (ဒီ ဋ္ဌ၊ ၁။ ၂၃၀)
    ဒီနေ့ခေတ် မြန်မာတွေဟာလဲ `သာကီမျိုးဟေ့ ဒို့ဗမာ´ စသည်ဖြင့် မိမိတို့ဟာ သကျသာကီမျိုးဖြစ်ကြောင်းကို ကြွေးကြော်လေ့ရှိကြပါတယ်။ မြန်မာဟာ သာကီအစစ်ဖြစ်ကြောင်းကို သမိုင်းတွေကိုးကားလို့လည်း ပြောဆိုလေ့ ရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ မြန်မာဟာ သာကီစစ်တယ်ဆိုရင် ကိုယ့်အမျိုးဘာသာ သာသနာကို ပျက်စီးစေမဲ့ အမျိုးမတူ ဘာသာမတူ အကျင့်မတူသူ အမျိုးဘာသာ သာသနာဖျက်မည့် သူတွေနဲ့ ပေါင်းဖက်ကြရမှာလဲ။ သကျသာကီဝင်တွေရဲ့ စိတ်ဓာတ်ကို အားပေးရမှာပေါ့။  ကမ္ဘာမှာ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ ပျောက်သွားမှာကို သကျသာကီအစစ်ဖြစ်ကြတဲ့ မြန်မာတွေ ကြောက်ကြရမှာပေါ့။
      ဘုရာသားတော်တွေနဲ့ သံယောဇဉ်ဖြစ်ပြီး အိမ်ထောင်ပြုကြတဲ့ မြန်မာမိန်းကလေးတစ်ချို့ကို `သာသနာဖျက်မ´ စတဲ့ ပုဒ်မတွေနဲ့ အမျိုးမျိုး အဖုံဖုံ ရှုံ့ချပြောကြပါတယ်။ ပြန်စဉ်းစားကြည့်ရင် သူတို့ဟာ သာသနာကိုလည်း လုံးဝဖျက်စီးမသွားပါဘူး။ ဘာသာကိုလည်း ဖျက်စီးမသွားပါဘူး။ လူမျိုးကိုလည်း ဖျက်စီးမသွားပါဘူး။ အမျိုးဘာသာ သာသနာမတူ အကျင့်မတူသူတွေနဲ့ ပေါင်းသင်းသွားကြတဲ့ မြန်မာတွေကသာ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ဖျက်စီးကြတဲ့သူတွေပါ။ ဘယ်လောက်ထိအောင်လည်းဆိုရင် ကိုယ့်ဘာသာကိုအသာထားအုံး ကိုယ့်မိဘကိုတောင် ရှိခိုးကန်တော့ခွင့် မရှိတော့လို့ ရင်ကျိုးခဲ့ရဲ့ မိဘတွေရဲ့ ဖြစ်ရပ်တွေ ဒုနဲ့ဒေးပါ။ ဒါတောင် ပြောကြသေးတယ် ဘုန်းကြီးလူထွက်နဲ့မဟုတ်ရင် ပြီးရော ဘယ်လိုလူမျိုးနဲ့မဆို ပေးစားနိုင်တယ်ဆိုတဲ့ မိဘတွေရှိသေးတယ်။ စဉ်းစားကြည့်ရင်ပဲ သိသာပါပြီ  ၊ သွားပြီလေ အဲဒီအမျိုးနွယ်တစ်ခုလုံးရဲ့ အစဉ်အဆက်ဟာ ကိုယ်းကွယ်လာတဲ့ ဘာသာအဲဒီက စလို့ ပျက်ပြီ။ အကုန်လုံးကို သိမ်းသွင်းထားလို့ ရတနာသုံးကို အသာထားအုံး သူတို့လို မိဘတွေကိုတောင် မိဘရယ်လို့ ရိုးရာဘာသာအတိုင်း အရိုအသေ မပေးတော့မှ ´အမယ်လေးတော်´လို့ အော်ပြီး နိဂုံးချုပ်သွားကြတဲ့ မိဘတွေရော ရင်ထဲမှာ သက်သာရာရပါ့မလား။ သူတို့ရဲ့ သမိုင်းကို လူလယ်မှာ မပြရဲလို့ သမိုင်းဘေးအထိနာကြကျတဲ့ အသိုင်းဝိုင်းကရော ငါ့အမျိုးတွေပါလို့ သူများကို ခါးကော့ ရင်ကော့ပြီး  ပြောရဲကြပါ့မလား။ ကဲဗျာ သူတို့ကြောင့်သာ ကမ္ဘာမှာ မြန်မာဆိုတာလည်း ပျောက်ရပါလိမ့်မယ်။ မြန်မာတွေရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု ဘာသာစကားတွေလည်း ပျောက်ရပါလိမ့်မယ်။ မိဘဘိုးဘွားအစဉ်အဆက်က ကိုယ်းကွယ်လာခဲ့တဲ့ သာသနာတော်ကြီးလည်း ပျောက်ရပါလိမ့်မယ်။ အပြန်အားဖြင့် ပြောရရင် မြန်မာပျောက်ရင် ဘယ်သတ္တ၀ါမျိုးတွေရောက်လာမှာလဲ၊ မြန်မာတွေရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု ဘာသာစကားတွေ ပျောက်ရင် ဘယ်သူတွေရဲ့ ယဉ်ကျေးမှု ဘာသာစကားတွေ ရောက်လာမလဲ၊ အစဉ်အဆက်က ကိုယ်းကွယ်လာခဲ့တဲ့ သာသနာတော်ကြီး ပျောက်ရင် ဘယ်မိစ္ဆာဒိဋ္ဌိတွေရဲ့ ဘာသာရောက်လာမလဲ ၊ စဉ်းစားသာကြည့်ပေတော့ မျိုးချစ်မြန်မာတို့ရေ။ တကယ်လို့ သကျသာကီ မျိုးရိုးမြန်မာတွေဟာ ကိုယ့်အမျိုးဘာသာ သာသနာကို အမှန်တကယ် ချစ်တယ်ဆိုရင် `စောင့်လေ မျိုးနွယ်´ ဆိုတဲ့ ဆုံးမစကား အလကားမဖြစ်ရလေအောင် ကိုယ့်လူမျိုးချင်းချင်း အိမ်ထောင်ပြုသောအားဖြင့် စောင့်ရှောက်ကြရပါမယ်။ ``သာကီမျိုးဟေ့ ဒို့ဗမာ´´ လို့ ပါးစပ်အမြုပ်ထွက်အောင် ကြွေးကြော်နေရုံနဲ့ မြန်မာဟာ သာကီမစစ်၊ သမိုင်းကြောင်းတွေ ကိုးကားနေရုံနဲ့ မြန်မာဟာ သာကီမစစ်၊ အမျိုးစောင့်တရားလက်ကိုင်ထားပြီး  အမျိုးဘာသာ သာသနာတူ အကျင့်တရားတူသူတွေနဲ့ ပေါင်းဖက်ကြလို့ သကျသာကီအစစ် မြန်မာဟာ အမှန်တကယ် ဖြစ်တယ်ဆိုတာကို လက်တွေ့ ပြသောအားဖြင့် အမျိုးနွယ်ကို စောင့်ရှောက်ခြင်းငှါ စွမ်းနိုင်တဲ့ ``စွမ်းနိုင်သူ´´လို့ ချီးကြူးဂုဏ်ပြုခံထိုက်တဲ့ မြန်မာတွေ ဖြစ်ကြရအောင်ပေါ့။ ကဲဗျာ ဒါဆိုရင် ဒီခေတ် သကျသာကီမျိုးနွယ် မြန်မာတွေဟာလည်း စွမ်းနိုင်သူတွေပါပဲ။
        နောက် စွမ်းနိုင်သူ ဖြစ်သင့်တဲ့ သူတွေကတော့ သကျမင်းသား ဘုရားသားတော်တွေပါပဲ။ မိမိတို့ဟာ သကျမင်းသား ဘုရားသားတော်တွေ ဖြစ်တာကြောင့် စိရံ တိဋ္ဌတု သဒမ္မော လောကသ္မိံ -စသည်ဖြင့် ဆုတောင်းရုံသာ ဆုတောင်းမနေကြပဲ အရှင်မဟာကဿပက စလို့ မထေရ်အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်လာတဲ့ သကျမင်းသား မြတ်စွာဘုရားရဲ့ အဆုံးမတော်တွေ ကိုယ့်လက်ထက်မှာ ပျောက်ပျက်မသွားရအောင် ထိန်းသိမ်းစောင့်ရှောက်ရပါမယ်။ သကျမင်းသား မြတ်စွာဘုရားရဲ့ အဆုံးမတော်တွေ နေလို လလို ထွန်းလင်းတောက်ပလာအောင်လည်း ကြိုးစားကြရပါမယ်။ ကမ္ဘာတည်သမျှ ကာလပတ်လုံး မြဲမြံတည်တံ့ အရှည်ခန့်အောင်လည်း ကြိုးစားကြရပါမယ်။ ကိုယ်တိုင်လည်း အစဉ်အလာကို ထိန်းသိမ်း စောင့်ရှောက်သလို နောင်တစ်ချိန်မှာ ထိန်းသိမ်းစောင့်ရှောက်မယ့် မျိုးဆက်တွေကိုလည်း ပြုစုပျိုးထောင်ကြရပါမယ်။ ကိုယ်တိုင် အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်နိုင်ပေမယ့်လို့ နောင်ထိန်းသိမ်းစောင့် ရှောက်မယ့် မျိုးဆက်သစ်တွေ အဆက်ပြတ်ခဲ့မယ်ဆိုရင် သာသနာတော်ဟာ စောင့်ရှောက်သူမယ့်လို့ လောကမှာ ကွယ်ပျောက်ရ ပါလိမ့်မယ်။ အစဉ်အလာ သာသနာကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ကြမယ့် ကျွန်ုပ်တို့ သာသနာ့အာဇာနည် ညီနောင်အပေါင်းတို့သည်လည်း အဆင့်မြင့် ပရိယတ္တိဓမ္မတွေကို နိုင်ငံတကာအဆင့်မှီအောင် ကြိုးစားသင်ယူပြီး၊ မျိုးဆက်သစ်တွေကိုလည်း တဆင့် ပို့ချသင်ယူစေကြသောအားဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြရပါမယ်။ ပဋိပတ္တိဓမ္မတွေကို ကိုယ်တိုင် ကျင့်ကြံပွါးများ အားထုတ်ကြ ကမ္ဘာသူ ကမ္ဘာသားတွေကိုလည်း လိုက်နာခံယူ ကျင့်ကြံပွါးများအားထုတ်စေ သောအားဖြင့်လည်း ကိလေသာရန်သူတွေကိုလည်း အောင်နိုင်ခြင်းငှါ စွမ်းနိုင်တဲ့သူတွေ ဖြစ်အောင်လည်း ကြိုးစားကြရပါမယ်။  သဒမ္မသုံးဖြာ သာသနာရဲ့ အစဉ်လာကို ထိန်းသိမ်းစောင့်ရှောက်ကြတဲ့၊ ဓမ္မနည်းလမ်းကျ ကိလေသာရန်သူတွေကို အောင်နိုင်ကြတဲ့ သာသနာ့အာဇာနည် ညီနောင်အပေါင်းကို လောကသားအားလုံးက စွမ်းနိုင်သူ ဆိုတဲ့ သူတော်ကောင်းတို့ရဲ့ စကားနဲ့ ချီးကြူးထောမနာဂုဏ်ပြုပြောဆိုကြပါလိမ့်မယ်။ဒီလိုသာဆို သာသနာ့အာဇာနည် ညီနောင်အပေါင်းတို့ဟာလည်း စွမ်းနိုင်သူဆိုတဲ့ စကားနဲ့ ချီးကြူးထောမနာဂုဏ်ပြုခြင်းငှါ အစစ်အမှန်ထိုက်တန်တဲ့ သူတွေပါပဲ။ ဒါကြောင့် သာသနာ့ အာဇာနည်ညီနောင်အပေါင်းတို့လည်း ကောင်းတဲ့ဘက်မှာ ဘာမဆိုစွမ်းနိုင်သူတွေထက် ပိုစွမ်းနိုင်သူတွေ ဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းရင်။။။။။
                                                                                                  ဓမ္မမိဆွေ (ပုတီးကုန်း)

0 comments:

Post a Comment