Pages

Subscribe:

Ads 468x60px

Time is money လို့ သဘောမထားပဲ.Time is Dhamma လို့ သဘောထားမယ် ဆိုရင်ပဲ တစ်မျိုး စိတ်ချမ်းသာနေပါပြီ။ (ဓမ္မမိတ်ဆွေ)

Friday, January 18, 2013

သူက ဘုရားမှ မဟုတ်တာ



မနက်မိုးလင်းလာသည်နှင့်တစ်ပြိုင်နက်ရွာထဲမှ ကျောင်းသား ကျောင်းသူများ ကျောင်းသွားဖို့ ပြင်နေရပြီ။ အိပ်ယာထက်မှာ ပျင်းရိနေတဲ့ သူလည်း လူးလဲထရသည်။ တကယ်တော့ ရွှေမုဋ္ဌော ကျေးရွာ အစိုးရမူလတန်းကျောင်း စတဲ့ အချိန်က နံနက် ၉ နာရီ ခွဲမှ စတာဖြစ်ပါတယ်။ ဒီကျေးရွာလေးက ကလေးတွေကတော့ ခြောက်နာရီဆို အရောက်သွားရပါတယ်။ အစိုးရမူလတန်းကျောင်းကိုတော့ မဟုတ်။
မုဋ္ဌောလယ်ပြင်ရွာဦးဘုန်းတော်ကြီးကျောင်းကို ယဉ်ကျေးလိမ္မာသင်ယူဖို့ သွားရမှာ ဖြစ်ပါတယ်။ ဘုန်းတော်ကြီး       ကျောင်းကမှ နံနက် ၉ နာရီခွဲလုနီးချိန်မှာ အစိုးရကျောင်းကို သွားရပါတယ်။ အစိုးရမူလတန်းကျောင်းမှ ၃ နာရီခွဲ ကျောင်းဆင်းခဲ့မယ်ဆိုရင်လည်း  ဘုန်းကြီးကျောင်းကို တဖန်ပြန်လာပြီး ယဉ်ကျေးလိမ္မာများ ထပ်မံ သင်ယူရပြန်ပါတယ်။
မုဋ္ဌောလယ်ပြင်ကျောင်း၌ အနီးအနားရှိ ရွာထဲမှ ကလေးသူငယ်များကို ယဉ်ကျေးလိမ္မာ ကဗျာများ၊ ခုနှစ်နေ့ ဘုရားရှိခိုး၊ ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ် ဘုရားရှိခိုး၊ ပရိတ်ကြီး စလို့ အတွင်းအောင်ခြင်း အပြင်အောင်ခြင်း ရတနာရွှေချိုင့်စတာတွေပါကျန် ဘာသာရေး အသိပညာများ သင်ပေးလာခဲ့သည်မှာ မုဋ္ဌောလယ်ပြင်ကျောင်း ဆရာတော်ကြီး ဦးဥာဏ၀ံသ လက်ထက်ကတည်းက ဖြစ်ပါတယ်။ ယခုဆိုရင် နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပြီ။ ယခု ဆက်လက်ပြီး ဘာသာရေး အမွေ အနှစ်တွေကို ပေးဝေနေသူက မုဋ္ဌောလယ်ပြင်ကျောင်း ဆရာတော်ကြီးရဲ့ မျိုးဆက်သစ် ဦးဇင်းလေး ဖြစ်ပါတယ်။ သူ့ကိုတော့ သူ့တပည့်တပန်းများက ဦးဇင်းလေးလို့ပဲ ခေါ်ကြလေ့ရှိပါတယ်။ ဦးဇင်းလေးကလည်း “ငါဒီကျောင်း ဒီကန် ဒီနေရာမှာ နေသမျှကာလပတ်လုံး ငါစွမ်းနိုင်သမျှ မျိုးဆက်သစ်တွေရဲ့ ရင်ထဲနှလုံးသားထဲမှာ ဘာသာရေး စိတ်ဓာတ်တွေ ပြည့်နှက်စေလျှက် ဘာသာရေးအခြေခိုင်မာစေရမည်။ ဘာသာရေးအခြေမြင့်ရမည်” လို့ အဓိကအဓိဋ္ဌာန်လျှက် ဘာသာရေး သာသနာရေး ရပ်ရေး ရွာရေးတွေပါမကျန် ရဟန်းတို့တာဝန်ကျေပွန်စွာ ထမ်းရွက်ရင်း သတင်းသုံးနေထိုင်သည်။
ဦးဇင်းလေးထံတွင် ယဉ်ကျေးလိမ္မာ သူယူကြသူများထဲတွင် အတန်းကျောင်းနေရန် အရွယ်မရောက်သေးသူများလည်းပါသည်။ အတန်းကျောင်းနေရန် အဆင်မပြေ သူများလည်း ပါသလို အတန်းကျောင်းနေသူများလည်းပါသည်။ ပိုသေချာအောင် ပြောရရင် နှပ်ချီးတွဲလောင်းဖြစ်သူ၊ နှပ်ချီးတွဲလောင်းဘ၀လွန်ပြီးသူများဖြင့် ဘုစုခရုတွေနဲ့ တကယ့်ကို အမယ်စုံလှသည်။
တစ်နေ့တော့ ရွာထဲမှ အတန်းကျောင်းနေဖို့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တစ်ယောက်ကို မိခင်ဖြစ်သူက ဦးဇင်းလေးဆီ ယဉ်ကျေးလိမ္မာသင်ယူဖို့ ကျောင်းသွားခါနီး သင်ပေးသည်။
မိခင် = သားကျောင်းရောက်ရင် ဦးဇင်းလေးကို မြင်ရင် ကန်တော့နော်။
သား = ဟုတ်ကဲ့။
မိခင် = ဦးဇင်းလေးက သားကို ခေါ်ရင် “ဘုရား” လို့ ထူးနော်။
သား = မေမေကလည်း သူက ဘုရားမှ မဟုတ်တာ သားက ဘာလို့ “ဘုရား” လို့ ထူးရမှာလဲ။
ပြသနာက အဲဒီက စတာဖြစ်သည်။ အမေ မပြောနိုင်တော့။ မဖြေနိုင်တော့။ ပြသနာက ကျောင်းက ဦးဇင်းလေဆီ ရောက်ပါတော့သည်။  ကလေးတစ်ယောက်ရဲ့ စူးစမ်းမေးခွန်းဆိုပြီး လျှော့တွက်လို့ မရပေ။ မှန်သည်, ၄င်းဦးဇင်းလေးသည်လည်း ဘုရားလုံးဝ မဟုတ်ပေ။ ကလေးက ပြောမယ်ဆိုလည်း ပြောလောက်ချင်စရာ။  လူကြီးတွေ အကြပ်ရိုက်လောက်သော မေးခွန်းမျိုးပါပေ။ မိရိုးဖလာ အစဉ်အဆက် “ဘုရား” ထူးခဲ့လို့သာ “ဘုရား”ထူးနေကြသော ဗုဒ္ဒဘာသာဝင်တွေရဲ့ အိပ်ပျော်နေတဲ့ အသိဥာဏ်ကို ခပ်ပြင်းပြင်း ရိုက်နှိုးလိုက်ခြင်းပါပေ။ ဘုရားရှင်လက်ထက်ကလည်း အလားတူ ဖြစ်ရပ်မျိုးများ ဖြစ်ပေါ်ခဲ့ဖူးသည်။
ဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ်က ဖြစ်သည်။ သာဝတ္ထိပြည်သား သူဋ္ဌေးတစ်ယောက်ရဲ့ ခုနှစ်အရွယ်သားလေးက ဖခင် သဋ္ဌေးကို “ ဖခင် , လောကီလောကုတ္တရာ အကျိုးစီးပွါး ကြီးပွါးချမ်းသာကြောင်းတွေက ဘယ်ဟာတွေလဲ” လို့ သားလုပ်သူက မေးပါတယ်။ ဖခင်ဖြစ်သူ အတော်အကြပ်ရိုက်သွားပါတယ်။ ခုနှစ်အရွယ် သားငယ်ရဲ့ အံ့သြဖွယ်ရာ အင်မတန် နူညံ့သိမ်မွေ့တဲ့ မေးခွန်းကို မဖြေနိုင်တော့။ အဲဒီအချိန်မှာပဲ ဇေတ၀န်ကျောင်းတော်က ဘုရားရှင်ကို သွားသတိရသည်။ ဟုတ်ပြီ, ခုနှစ်နှစ်အရွယ်သားငယ်ရဲ့ အံ့သြဖွယ်ရာ မေးခွန်းကို ဘုရားမှ တစ်ပါး အခြားဖြေပေးနိုင်သူ မရှိနိုင်တော့။ ဒီတော့မှ သားငယ်ကို လက်ဆွဲ ခေါ်ပြီး ဇေတ၀န်ကျောင်းကို ထွက်လာခဲ့ပါတယ်။ဘုရားရှင်ထံ ရောက်တော့ သူဋ္ဌေးကြီးက လျှောက်တင်တယ် “အရှင်ဘုရား, ဒီကလေးဟာ သိပ်ပညာရှိပါတယ်ဘုရား။ ဘုရားတပည့်တော်အား အင်မတန်နူးညံ့သိမ်မွေ့တဲ့ ဒီလိုမေးခွန်းကို မေးပါတယ် ဘုရား။ ဘုရားတပည့်တော် မသိ၍ ရှင်တော်ဘုရားထံ ခေါ်လာခဲ့ခြင်း ဖြစ်ပါတယ် ဘုရား။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား , ရှင်တော် ဘုရားသည် ဒီကလေး မေးသော မေးခွန်းအား ကရုဏာထား ဖြေကြားပေးတော် မူပါဘုရား” လျှောက်တယ်။ အဲဒီအခါမှာ မြတ်စွာဘုရားရှင်က ကြီးပွါးကြောင်း တရားခြောက်ပါးကို အတိတ်ဘ၀တုံးက ဖြစ်ခဲ့တဲ့ ဇာတ်ကြောင်းကိုပါ ဟောကြားလို့ ဖြေပေးလိုက်ပါတယ်။ ကြီးပွါးကြောင်းတရား ခြောက်ပါးကို သိနားလည်ချင်တယ်, လိုက်နာကျင့်သုံးပြီး ကြီးပွါးချမ်းသာချင်တယ် ဆိုရင်တော့ အတ္ထဿဒွါရဇာတ်ကို လေ့လာကြပါလို့ တိုက်တွန်းပါရစေ။
တကယ်လို့များ ဘုရားရှင် မရှိခဲ့ရင် သူဋ္ဌေး သားကို ဘယ်သူ့ဆီ ခေါ်သွားမလဲ? ပညာရှိလို့ ထင်ရတဲ့ ဇီးကွက်လို ပြူးကြောင်ကြောင်ကောင်ဆီ ခေါ်သွားမလား? ပညာရှိယောင်ယောင်နဲ့ ယုန်လို နားရွက်ထောင်ထောင်ကောင်ဆီ ခေါ်သွားမလား? ဘယ်ခေါ်သွားမလဲ? မှားယွင်းတဲ့ အဖြေလိုချင်ရင်တော့ မှားယွင်းတဲ့ အဖြေပေးမယ့်လူဆီ ခေါ်သွားရုံပါ။ မှန်ကန်တဲ့ အဖြေလိုချင်ရင်တော့ မှန်ကန်တဲ့ အဖြေပေးမယ့်လူဆီ ခေါ်သွားရုံပါ။ အဲဒီအချိန်က ခေတ်ပြိုင် ဘုရားတွေရှိတယ်။ ဘုရားမဟုတ်ဘဲ ဘုရားနာမည်ခံ တိတ္ထိဆရာကြီး ၆ ယောက်။ သူတို့ဆီ ခေါ်သွားကြည့် ဘယ်လိုအဖြေပေးမယ်ထင်လဲ? အဇာတသတ်မင်းကြီး ပြောတဲ့ စကားနဲ့ပဲ ပြောတော့မယ်။ ဘုရားရှင်ကို အဇာတသတ်မင်းက ဒီလို လျှောက်တယ်။ တပည့်တော် အဲဒီဆရာကြီး ၆ ယောက်ကို သာမညဖလ-ရဟန်းအဖြစ်ရဲ့ အကျိုးအာနိသင်တွေမေးတယ်ဘုရား။ တပည့်တော်မေးတော့ ဆရာကြီးတွေက ဗူးမေးတာကို ဖရုံလို့ ဖြေတဲ့ လူက ဖြေ။ ဖရုံမေးတာကို ဗူးဖြေတဲ့လူက ဖြေတယ် ဘုရား-လို့လျှောက်တယ်။ ပညာရှိမဟုတ်သူရဲ့ ထံရောက်လို့ကတော့ မပြည့်စုံတဲ့ မှားယွင်းတဲ့ အဖြေသာရမှာဖြစ်ပါတယ်။ သူဋ္ဌေးက ဘုရားရှင်ထံ သားကို ခေါ်သွားတယ်။ ဘာလို့ ခေါ်သွားသလဲ ? ရှင်းတယ်။ ဘုရားသာ တိကျ ပြည့်စုံတဲ့ အဖြေကို ပေးနိုင်တယ်။ ဘုရားရှင်ဟာ တကယ့် အကုန်အစင် အကုန်သိမြင်တယ်ဆိုတာ သူဋ္ဌေးအကြွင်းမဲ့ ယုံကြည်တယ်။ ဒါကြောင့် ခေါ်သွားတယ်။ ဘုရားအမည်ခံ ခေတ်ပြိုင်ဘုရားတွေရှိတယ်။ ခေါ်မသွားဘူး ။ ဘာကြောင့်လဲ? သူ့သားကျေနပ်လောက်တဲ့ မှန်ကန်တဲ့ အဖြေပေးနိုင်သူတွေ မဟုတ်ဘူးဆိုတာ သိနေတယ်။  သူတို့ဟာ ဘုရားအမည်ခံထားပေမယ့်လို့ ဘုရားမဟုတ်တဲ့ သူတွေဆိုတာ သိနေလို့ပါပဲ ။ ဒါကြောင့် ခေါ်သွားဖို့ နည်းနည်းလေးမျှ စိတ်မကူးခဲ့ခြင်းဖြစ်ပါတယ်။
မုဋ္ဌောရွာက ကလေးမေးတဲ့ မေးခွန်းကိုလည်း အမေလုပ်သူက ရွာထဲက လူကြီးသူမတွေကို မမေးပဲ ကျောင်းက ယဉ်ကျေးလိမ္မာ ဘာသာရေးအမွေနှစ်တွေ ပေးဝေနေတဲ့ ဦးဇင်းလေး ဆီ ရောက်အောင် ယူလာခဲ့ပါတယ်။ ဦးဇင်းလေးကလည်း သူ့တပည့် အားလုံးကို ဒီမေးခွန်းရဲ့ အဖြေသဘောကို နားလည် စေချင်တာကြောင့် မေးလာသူ တစ်ဦးတစ်ယောက်တည်းကိုသာ မဖြေတော့ဘဲ တပည့်အားလုံးရဲ့ ရှေ့မှာပဲ ဒီလို ဖြေရှင်းပေးခဲ့ပါတယ်။
ငါ့ညီတို့ ညီမတို့ ငါတို့မြန်မာနိုင်ငံမှာ ရှင်ဘုရင်တွေကနေ သူ့ရဲ့ မှူးမတ်ပရိသတ်ကို “မင်းကြီးများ” လို့ ခေါ်ရင်လည်း မှူးမတ်ပရိသတ်တွေက “ဘုရား”လို့ ထူးရတယ်။ ဘုန်းကြီး ရဟန်းတွေက ခေါ်ရင်လည်း တပည့်တွေတို့ ဒါယကာ ဒါယိကာမတွေ အားလုံးက “ဘုရား”လို့ပဲ ပြန်ထူးရတယ်။ ပြန်ထူးကြတယ်။ မှူးမတ်ပရိသတ်တွေက ရှင်ဘုရင်ကို “ဘုရား”လို့ထူးတာကတော့ ကြောက်လို့ပဲ ဒီလိုထူးသလား? ဘာဖြစ်လို့ ထူးသလဲ? ဆိုတာတော့ ငါမသိဘူးကွာ။ ငါတို့ ဘုန်းကြီးရဟန်းတွေကို တပည့်တွေ ဒါယကာ ဒါယိကာမတွေက “ဘုရား” လို့ထူးတာကတော့ အကြောင်းရှိတယ်။ အကြောင်းမဲ့ ရန်းထူးတာ မဟုတ်ဘူး။ အဲဒါကို ဦးဇင်းလေးက သိသလောက် နားလည်ထားသလောက် ရှင်းပြပေးမယ်။  ဒါပေမယ့် ဦးဇင်းလေးက ငါသိတယ် ငါတတ်တယ် သဘောနဲ့ ရှင်းပြတာမျိုးမဖြစ်စေချင်ဘူး။ ငါ့ညီတို့ ငါ့ညီမတို့တွေရဲ့ ဥာဏ်လေးတွေနဲ့ မှီသလောက် ဦးဇင်းပြောတာ ဟုတ်ရဲ့လား? ယုတ္တိရှိရဲ့လား ? ဆိုတာတွေ စဉ်းစားကြရမယ်။ နှိုင်းချိန်ကြရမယ်။ ခုလည်း စဉ်းစားကြရမယ်။ နောင် အရွယ်ရောက်းလာလို့ ဗဟုသုတတွေ ပြည့်စုံတဲ့ အခါမှာလည်း စဉ်းစားကြရမယ်။ ခု ဦးဇင်းလေးပြောမယ့် စကားတင်မဟုတ်ဘူး ကျန်တဲ့ ဘယ်အကြောင်းအရာကို မဆို စဉ်းစားတတ်ကြရမယ်၊ နှိုင်းချိန်တတ်ကြရမယ်။ ကိုယ်တိုင် မစဉ်းစားတတ်ဘူးဆိုရင်လည်း စဉ်းစားတတ်သူ ပညာရှိတွေနဲ့ တိုင်ပင် ဆွေးနွေးကြရမယ်။ အမှားအမှန်ကို ခွဲခြမ်းဝေဖန်တတ်ရမယ်။ မှားတာကိုလည်း ပယ်ရဲရမယ်။ မှန်တာကိုလည်း လက်ခံရဲရမယ်။  
ဒီလိုရှိတယ်-ငါတို့ ကိုယ်းကွယ်ကြတဲ့ မြတ်စွာဘုရားဘုရားရှင်ဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပရိနိဗ္ဗာန်ဝင်စံ သွားခဲ့ပြီ။ ဘုရားရှင်ဟောကြားတော်မူတဲ့ တရားတော်တွေကို တပည့်သံဃာတွေက နှုတ်တက်အာဂုံဆောင်တဲ့ သူကဆောင် သင်အံပို့ချသူက သင်အံပို့ချကြ။ ဒါယကာ ဒါယကာမတွေကို ဟောကြားပြသတဲ့ သူတွေက ဟောကြားပြသကြပေါ့။ ဒီလိုနည်းနဲ့ အစဉ်အဆက် ထိန်းသိမ်းလာခဲ့တာ ဒီနေ့ ထိအောင်ပဲ။ ငါတို့တစ်တွေဟာ ဘုရားရှင်ကို မမီလိုက်ကြတော့ မျက်ဝါးထင်ထင် မမြင်ဖူးကြဘူး။ ဘုရားရှင် တရားတော်တွေ ဟောကြားတာကို မမီလိုက်ကြတော့ မနာကြားကြရဘူး။ ငါတို့မှီတာက ယနေ့ ဘုရားရှင်ရဲ့ တပည့်သံဃာတော်တွေကိုပဲ  မီကြတယ်။ ဒီကနေ့ သံဃာတော်တွေဟာ ငါတို့အတွက် သိပ်ကျေးဇူးများတယ်။ ဘာဖြစ်လို့ ကျေးဇူးများသလဲ ဆိုရင် .သံဃာတော်တွေ ကြောင့်သာ ငါတို့တစ်တွေဟာ ဘုရားရှင်ဟောကြားခဲ့ တရားတော်တွေကို နာကြားရတယ်။ တရားတော်တွေထဲက ကျင့်နည်းတွေအတိုင်း ငါတို့ကျင့်ကြရတယ်။ တရားတော်တွေကို နားကြားကြရတဲ့ ငါတို့တွေဟာ မြတ်စွာဘုရားရှင်ကို မှန်းဆဖူးမျှော်ရတယ်။ တရားတော်တွေရဲ့ နက်နဲပုံတွေကို ထောက်ဆပြီးတော့ ငါတို့ ကိုယ်းကွယ်တဲ့ မြတ်စွာဘုရားရှင်ဟာ အလုံးစုံကို အကုန်သိမြင်တဲ့ သဗ္ဗညုတဥာဏ်ရှင်ဆိုတာ အကြွင်းမဲ့ ယုံကြည်ကြတယ်။ ဒီလို ဘုရာရှင်နဲ့ ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်တွေကို သိခွင့်ရတာဟာ သံဃာတော်တွေရဲ့ ကျေးဇူးကြောင့်ဖြစ်တယ်။ ငါတို့ရဲ့ ဘိုးဘွားတွေဟာ သံဃာတွေရဲ့  ကျေးဇူးများတာကို အာရုံပြုလို့်, သံဃာတော်တွေကို ဖူးတွေ့ဆက်ဆံတယ်ဆိုရင်ပဲ ဘုရားရှင်ကိုပါ တခါတည်း သတိရမိအောင်ဆိုပြီး သံဃာတော်တွေက ခေါ်တဲ့အခါ “ဘုရား”လို့ ထူးတာဖြစ်တယ်။ ငါတို့တွေဟာလည်း ယနေ့ ဘုန်းကြီး ရဟန်းသံဃာတွေတော်တွေနဲ့ တွေတဲ့ အခါမှာ “ဘုရား” လို့ပဲ ပြန်ထူးကြတယ်။ ဒါဟာ ဘုရားမဟုတ်ဘဲနဲ့ ဘာဖြစ်လို့ “ဘုရား”လို့ ထူးရတယ်ဆိုတာ ပါပဲ..လို့ ဦးဇင်းလေး က ပြန်လည် ရှင်းပြပါတယ်။ဒါကတော့ မုဋ္ဌောလယ်ပြင်ကျောင်း ယဉ်ကျေးလိမ္မာသင်ပေးနေတဲ့ ဦးဇင်းလေးရဲ့ ရှင်းပြချက် ဖြစ်ပါတယ်။ မှန်တယ်.မှားတယ်ဆိုတာတော့ စာဖတ်သူ ပညာရှိတို့ ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ စာရေးသူကတော့ အမှား အမှန်ကို ငြင်းခုံမနေတော့ဘဲ ထပ်မံ ဖြေပါရစေ။
ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာ ဆရာဖြစ်သူက တပည့်ဖြစ်သူကို “ဟေ့ မောင်ခင် ” လို့ခေါ်ရင် မောင်ခင်က “ဗျာ ဆရာ” လို့ ပြန်ထူးတတ်ပါတယ်။ ထို့အတူပဲ အမေဖြစ်သူက သားကို ခေါ်ရင်လည်း သားဖြစ်သူက “ ဗျာ အမေ” လို့ ပြန်ထူးတာတွေ့နိုင်ပါတယ်။ နောက်ထပ် သာသနာတော်အသုံးအနှုန်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ဘုရားရှင်က ရဟန်းတော်တွေကို “ ဘိက္ခဝေ-ချစ်သားရဟန်းတို့” လို့ ခေါ်တော်မူတယ်ဆိုရင် တပည့်ရဟန်းတွေက “ဘဒ္ဒန္တေ - အရှင်ဘုရား (အရှင်းကောင်းအရှင်မြတ်ဘုရား)” လို့ ပြန်လည်ထူးတာ, သက်တော် ၀ါတော်ကြီးတဲ့ ရဟန်းက ငယ်တဲ့ ရဟန်းတွေကို “အာဝုသော- ငါ့ရှင်တို့” ခေါ်ရင် “ဘန္တေ -အရှင်ဘုရား” ပြန်ထူးတာ တွေ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ တပည့်ဒါယကာ ဒါယိကာမတွေကို ရဟန်းတော်တွေက “အာဝုသော ဒါယကာ- ငါ့ရှင်ဒါယကာတို့” လို့ခေါ်ရင် ဒါယကာ ဒါယကာမတွေကလည်း ရဟန်းတွေကို “ဘန္တေ- အရှင်ဘုရား” လို့ပဲ ပြန်ထူးကြပါတယ်။ ရှေးတုံးကတော့ ပါဠိလိုပဲ သုံးနှုန်းခဲ့ကြပါတယ်။ ဘုရားရှင်က “ဘိက္ခဝေ” -လို့ ခေါ်ရင် ရဟန်းတွေက “ဘဒ္ဒန္တေ” , ကြီတဲ့ ရဟန်းက “အာဝုသော”လို့ ခေါ်ရင် ငယ်တဲ့ ရဟန်းက “ဘန္တေ”, ဘုန်းကြီးရဟန်းတွေက “အာဝုသော ဒါယကာ” လို့ ခေါ်ရင် ဒါယကာ ဒါယိကာမတွေက “ဘန္တေ” လို့ပဲ ပါဠိလို ပြန်လည်ထူးကြပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာတော့ မြန်မာမှုနဲ့ပဲ ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။ မြန်မာလို ခေါ်ဝေါ်သုံးစွဲတာကလည်း အကုန်းလုံးအပြည့်အ၀ မပြောဆိုကြတော့ပါဘူး။ ဒါယကာတွေ ခေါ်ရင်လည်း ငါ့ရှင် ဒါယကာတို့ လို့ အကုန်မသုံးတော့ဘဲ ဒကာကြီးတို့ ဒကာမကြီးတို့လောက်ပဲ ခေါ်ကြတော့ပါတယ်။ ၀ါကြီးတဲ့ ဘုန်းကြီးရဟန်းကလည်း ဦးဇင်းတွေကို ငါ့အရှင်တို့, အရှင်ဘုရားတို့ , ဦးဇင်းတို့, ကိုရင်တို့ စတာတွေ သုံးနှုန်းကြပါတယ်။ ပြောင်းလဲမှုတွေ ရှိသလို ဝေါဟာရတွေလဲ များပျားလာပါတယ်။ ပြန်ထူးတဲ့ ဦးဇင်းတွေ ဒါယကာ ဒါယကာမတွေကလည်း “အရှင်ဘုရား”လို့ ပြန်ထူးတဲ့သူက နည်းပါတယ်။ အရှင်ကို ဖြုတ်ပြီး “ဘုရား” လို့ ထူးတဲ့ လူတွေသာများပါတယ်။ ဥပမာပြောရရင် အမျိုးသမီးတွေကို ဘယ်သူရေ ဘယ်ဝါရေ စသည်ဖြင့် ခေါ်မယ်ဆိုရင် သူတို့က “ရှင်” လို့ ပြန်ထူးကြပါတယ်။ တကယ်တော့ “အရှင်” လို့ ပြန်ထူးကြတာပါ။ ကြာလာတော့ “အ” ကို ဖြုတ်ပြီး “ရှင်” လို့ ပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်။ ထိုနည်းတူစွာပါပဲ “အရှင်ဘုရား”ကနေပြီး ကြာလာတော့ “အရှင်” ကို ဖြတ်ပြီး “ဘုရား” လို့ ပြန်ထူးကြခြင်းဖြစ်ပါတယ်။  ဒါကတော ဘုရားမဟုတ်ပဲနဲ့ ဘုရား လို့ ထူးရတာကို ထင်တာလေးကို တင်ပြခြင်းဖြစ်ပါတယ်။
ဘုရား ဟုတ်/ မဟုတ်ဆိုတာကိုတော့ စတ္တာရော ဟိ ဗုဒ္ဓါ – သဗ္ဗညုဗုဒ္ဓေါ, ပစ္စေကဗုဒ္ဓေါ, စတုသစ္စဗုဒ္ဓေါ, သုတဗုဒ္ဓေါတိ -(သံ၊ဋ္ဌ။၁။၂၄) လာ စကားနဲ့ စိစစ်ကြရပါမယ်။ ဗုဒ္ဓ-လေးမျိုးရှိပါတယ်။ လေးမျိုးကတော့
၁။ ပါရမီသုံးဆယ် စွန့်ခြင်းကြီးငါးပါး စရိယသုံးပါးကို ဖြည့်ကျင့်ပြီး အလုံးစုံသောတရားတို့ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူတဲ့ သဗ္ဗညုဗုဒ္ဓ
၂။  သာသနာပကာလမှာ သူတပါးတို့ရဲ့ ဟောကြားမှုဆိုတဲ့ ပရတောဃောသပစ္စည်းမပါဘဲ ကိုယ်ကိုင် သစ္စာလေးပါးကို သိမြင်တော်မူကြတဲ့ ပစ္စေကဗုဒ္ဓ။
၃။   သဗ္ဗညုဗုဒ္ဓ, ပစ္စေကဗုဒ္ဓမှကြွင်းတဲ့ အာသဝေါကုန်ခန်း ရဟန္တာဖြစ်ကြတဲ့ စတုသစ္စဗုဒ္ဓ
၎။ ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့တဲ့ သုံးဖြာပိဋက ပါဝစနကို နှုတ်ရဆောင်ထားကြလို့ ဗဟုသုတများတဲ့ သုတဗုဒ္ဓ- တို့ ဖြစ်ပါတယ်။
            ဒီခေတ်ကာလမှာ ၁-နံပါတ် သဗ္ဗညုဗုဒ္ဓနဲ့ ၂-နံပါတ် ပစ္စေကဗုဒ္ဓတို့ ချန်ထားပြီး ဘယ်လိုဗုဒ္ဓဖြစ်တယ်ဆိုတာကို စဉ်းစားမယ်ဆိုရင်ပဲ ဘုရားဟုတ်/ မဟုတ်ဆိုတာကတော့ စာဖတ်သူတို့ ဥာဏ်မီသလောက် နားလည်လိမ့်မည်ဟု ယုံကြည်ရင်း…                                            
                                                                                         ဓမ္မမိတ်ဆွေ (ပုတီးကုန်း)
          

0 comments:

Post a Comment